ယောသပ် အင်္ကျီ အကြောင်း....


ယောသပ်နှင့် သူ့အင်္ကျီများအကြောင်း

ယောသပ်၏ အသက်တာ၌ သူ့လက်တွေ့ဘ၀တွင် ကြုံဆုံရသော အရာကို ကိုယ်စားပြုဖော်ညွှန်းနိုင်သော အင်္ကျီ ၄ ထည်ရှိသည်။

ပထမ အင်္ကျီမှာ သူ့အဖေချုပ်ပေးသော အရောင်မျိုးစုံနှင့် ထူးခြားသည့် အင်္ကျီဖြစ်သည်( ကမ္ဘာဦး ၃၇း ၃ )။ အရောင်ရရှိရန် ခက်ခဲသော ထိုကာလတွင် ထိုသို့ အရောင်မျိုးစုံနှင့် လှပစွာ ချုပ်ပေးထားသည်မှာ ဖခင်ဖြစ်သူ ယာကုပ်၏ သူ့အပေါ် ချစ်ခြင်း၊ အခြားညီအစ်ကိုများထက် သာလွန်စွာ ချစ်ခြင်းကို ဖော်ညွှန်းသည်။ ယာကုပ်၏ သား ၁၂ ယောက်အနက် ယောသပ်နှင့် ဗယာင်္မိန်သာ ရာခေလ၏ သားများဖြစ်သောကြောင့် အဖေတူ အမေကွဲ အစ်ကို ၁၀ ယောက် အတွက် ထိုအင်္ကျီကိုတွေ့တိုင်း မနာလိုစိတ်နှင့် မခံချိမခံသာဖြစ်ပေမည်။ ထို အင်္ကျီသည် ယောသပ်အတွက် ကောင်းသော်လည်း မိသားစုအတွင်း၌ သွေးခွဲမှု၊ မနာလိုမှု၊ မုန်းတီးမှုတို့ကို ဖြစ်စေသောကြောင့် ပြီးပြည့်စုံလင်သော အင်္ကျီမဟုတ်ပေ။

ပထမအင်္ကျီ၏ အကျိုးဆက်ဖြစ်သော အမုန်းတရားကြောင့် ဒုတိယအင်္ကျီရရှိခဲ့သည် ။ ဒုတိယ အင်္ကျီမှာ ယောသပ်၏ အစ်ကိုများက သူ့ကိုကျွန်အဖြစ်ရောင်းသောကြောင့်ကျွန်အင်္ကျီဝတ်ရသည်( ၃၉း၁၂ )။ အဖေချစ်သောသား နေရာမှ တိုင်းတပါးလူမျိုးများ၏ ကြိုက်ရာစေခိုင်းခံရသည့် ကျွန်ဖြစ်လာခဲ့သည်။

ကျွန်ခံရခြင်းနှင့်ပင် သူ၏ ဒုက္ခသည် အတောမသတ်ဘဲ အဲဂုတ္တုဘုရင့် အမျက်တော် သင့်သောသူများထားရာ ထောင်ထဲအထိ ယောသပ်ရောက်သွားခဲ့သည်။ ထို၌ တတိယအင်္ကျီဖြစ်သော ထောင်သားအင်္ကျီကို ၀တ်ရပြန်သည် (၄၁း၁၄ )။ ကောင်းသောနေရာမှ ဆိုးသောအရာသို့ ရောက်ပြီး ယခုပို၍ဆိုးသော နေရာရောက်လေပြီ။ အခြေအနေတိုင်း၌ ယောသပ်၏ အမှား (သို့) အပြစ်မရှိသော်လည်း သူသည် ထို ဆိုးရွားသော အလှည့်အပြောင်းကို ကြုံဆုံနေရသည်။ သို့သော် ဒုက္ခကြောင့် ဘုရားသခင်ကို မေးခွန်းထုတ်၊ စွန့်ပစ်ကျောခိုင်းမည့်အစား သူသည် ဘုရားသခင်ကို အစဉ်ယုံကြည်ပြီး အစဉ်ကြောက်ရွံ့ခဲ့သည် (၃၉း ၉ )။ ထိုကြောင့် ဘုရားသခင်ကလည်း အခြေအနေတိုင်း၌ ယောသပ်နှင့်အတူ ပါရှိပြီး ချီးမြှောက်တော်မူရာ နေ့ရက်အထိစောင့်ကြည့်နေခဲ့သည်။

ညီအစ်ကိုများ၏ မုန်းတီးခြင်း၊ ချစ်သောမိသားစုနှင့် ခွဲခွာရခြင်း၊ အလုပ်ရှင်၏ မတရားစွပ်စွဲခြင်း၊ သူငယ်ချင်း၏ မေ့လျော့ခံရခြင်း (၄၀း၂၃ )နှင့် အတူအခြားသော ဒုက္ခများစွာကို ယောသပ်ခံရသော်လည်း ထိုဒုက္ခများဖြင့် ဘုရားသခင်အဆုံးမသတ်စေခဲ့ပါ။ နောက်ဆုံး အဲဂုတ္တပြည်၏ နန်းတော်အုပ်အင်္ကျီ (၄၁း၄၂ )ကို ၀တ်ရအခွင့် ရရှိစေတော်မူခဲ့သည်။ ထိုအင်္ကျီနှင့်အတူ ညီအစ်ကိုများနှင့် ပြန်သင့်မြတ်ခွင့်၊ ချစ်သောသူများနှင့် အတူ ပျော်ရွင်စွာ နေထိုင်ခွင့်များ ပြန်လည်ရရှိခဲ့သည်။

ယနေ့ ယုံကြည်သူအသက်တာတွင်လည်း ဒုက္ခအင်္ကျီကြိမ်ဖန်များစွာ ၀တ်ရစေကာမူ ဘုရားသခင်ကို ကြောက်ရွံ့၍ အပြစ်ကို ရှောင်ခြင်းအရာ၌ ဖြစ်စေ၊ ဘုရားသခင် အားကိုးယုံကြည်ခြင်းအရာ၌ ဖြစ်စေ အားမလျော့သောသူအဖို့ ချီးမြှောက်တော်မူခြင်း အင်္ကျီ ရှိပါသေးသည်။

Comments

Popular Posts